အပိုင်း(၃)
ကျော့၊ သင်ဇာနှင့် ယဉ်နန်းတို့သည် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ ကျော့တွင် ခင်ပွန်းဖြစ်သူ မြတ်သူရှိပြီး ထက်မြက်သည့် ကျော့၏ လွှမ်းမိုးမှုကြောင့် မြတ်သူက အမြဲသိမ်ငယ်နေရသည်။ သင်ဇာ့တွင် ခင်ပွန်းဖြစ်သူ ဉာဏ်ထက်ရှိပြီး ဉာဏ်ထက်သည် ဟေးလားဝါးလားနေတတ်ကာ တုံးအ၍ သင်ဇာနှင့်အမြဲ ပြဿနာတက်သူဖြစ်သည်။ ဉာဏ်ထက်၏ ဆင်ခြင်မဲ့မှုကြောင့် ပိုက်ဆံများလိမ်ခံရကာ ငွေကြေးပြဿနာရှိနေပြီး ထိုပြဿနာကို မြတ်သူက ကျော့မသိအောင်ကူညီထားသည်။ ယဉ်နန်းသည် နှိပ်စက်တတ်သည့် ယောက်ျားဖြစ်သူ ဇော်မျိုး ကြောင့် အမြဲစိတ်ဆင်းရဲနေရသည်။ သူငယ်ချင်းသုံးယောက်တွင် ကျော့က အဆင်အပြေဆုံးဖြစ်ကာ သူငယ်ချင်းများကို အားမရသည့်စိတ်ကြောင့် ပြောဆိုတတ်သော်လည်း ကူညီပေးတတ်သည်။ သို့သော် သင်ဇာနှင့်ယဉ်နန်းကမူ သူတို့ကို နှိမ်နေတယ်ဟုသာ ထင်သည်။ ကျော့ကို တိတ်တခိုးမခံချင်စိတ်ရှိနေသည့် ယဉ်နန်းနှင့် အငုံ့စိတ်ရှိနေသူ မြတ်သူတို့ ဖောက်ပြန်ကြသောအခါ သင်ဇာက ယဉ်နန်းဘက်ကိုလိုက်သည့်အပြင် ငွေကြေးကူညီပေးသည့် မြတ်သူ၏ ခြိမ်းခြောက်မှုကြောင့် ဖုံးကွယ်ပေးထားခဲ့သည်။ ကျော့က သိသွားသောအခါ ပညာသားပါပါနှင့် ပညာပေးလေသည်။ ယဉ်နန်း ယောက်ျား ဇော်မျိုးကိုပါ ပြောပြလိုက်ပြီး ရပ်တန်းက ရပ်ဖို့ ပြောသည်။ ရှေ့ဆက်တိုးကြသဖြင့် နောက်ဆုံးတွင် ယဉ်နန်းယောကျ်ားက မြတ်သူကို ဓားနှင့်ထိုးလိုက်သည်။ ဇော်မျိုးသည် ထိုအမှုကြောင့် ထောင်ကျသွားသည်။ သူငယ်ချင်း ၃ယောက်လည်း အရင်ကဲ့သို့ ချစ်ချစ်ခင်ခင်မရှိတော့ဘဲ မခေါ်မပြောဖြစ်သွားကြသည်။